ကလေး၊ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အလုပ်သမား၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ပြင်ပလူနာများ ဝန်ဆောင်မှုဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုထိရောက် ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် လူမှုဖူလုံရေး-Royal City အထွေထွေ ရောဂါကု ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံဝန်းအတွင်းတွင် ကျင်းပလျက် ရှိကြောင်းသိရသည်။
ရှေးဦးစွာ ကလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်လွင်က လူမှုဖူလုံ ရေး-Royal City အထွေထွေရောဂါကုဆေးရုံဖွင့်ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်နှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ဆောင်မှု ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ လူမှုဖူလုံရေး-Royal City အထွေထွေရောဂါကုဆေးခန်းသို့ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၃၁ရက်နေ့မှ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၂၂အတွင်း အာမခံအကျုံးဝင်သော အာမခံအလုပ်သမားပေါင်း (၁၀၀)ခန့်လာရောက် ဆေးကုသမှုခံယူကြပြီဖြစ်ကြောင်းနှင့်ကလေးမြို့နယ်တွင် အာမခံအကျုံးဝင်ထားသော အလုပ်ဌာနပေါင်း (၁၉၅)ဌာန ရှိပြီး အာမခံအလုပ်သမား(၂၀၀၀)ကျော် ရှိကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)