ပဲခူးမြို့၌ အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး အသိပညာပေး ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၄

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများ စုစုပေါင်း (၅၀၀) ဦးကျော် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရာတွင် ရသင့်ရထိုက်သည့် အခွန်ငွေများ တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ အပြည့်အဝကောက်ခံရရှိရန် ကြိုးစားသွားရမှာဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း အခွန်ဆိုင်ရာ အသိပညာပေးခြင်းနှင့် အခွန်ဆိုင်ရာတာဝန်များကို လေးစားလိုက်နာမှုကောင်းမွန်စေရေးတို့ကို ဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း အခွန်ထမ်းမဖြစ်သေးသော လုပ်ငန်းရှင်များကို အခွန်ထမ်းဖြစ်စေရေး ကြိုးပမ်းရှာဖွေဖော်ထုတ်ကြရန်နှင့် အခွန်ထမ်းပြည်သူများအနေဖြင့်လည်း နိုင်ငံကြီးသားပီသဖို့ အခွန်မရှောင်ဘဲ မိမိဆန္ဒအရ အခွန်ကိုပေးဆောင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက အခွန်ပေးဆောင်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆက်စပ်မှုဆိုင်ရာကိစ္စရပ်များ အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ပဲခူးမြို့နယ်အခွန်ဦးစီးဌာနရုံးမှ ဝန်ထမ်းများက “အခွန်ဆိုသည်မှာ သီချင်းနှင့် “အခွန်ဆောင်ကြစို့ သီချင်းတို့အား သီဆိုဖျော်ဖြေတင်ဆက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)