ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း (၂၂)ရွာတို့တွင် (VDP)စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်

                           ဝန်းသို ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်စေသော ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (VDP)လုပ်ငန်းများကို  ကျေးရွာပေါင်း(၂၂)ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ရာ အဆိုပါ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများ ရွေးချယ်ရာတွင် အကြံပြုဆွေးနွေးခြင်းများကို ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျေးရွာပေါင်း(၉)ရွာတို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းစဉ်များအရ အတည်ပြုရွေးချယ်ထားသော ကျေးရွာပေါင်း ၂၂ရွာ တို့တွင် စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းများ ရွေးချယ်ပြီး မြို့နယ် TPIC ကော်မတီအတည်ပြုရွေးချယ်၍ အထက်အဆင့်ဆင့်တို့ လုပ်ငန်းအတည်ပြုချက်ရယူခြင်း၊ ယင်းနောက် ကျေးရွာ လူထုကိုယ်တိုင်ဆောင်ရွက်နိုင်စေရန် လုပ်ငန်းအပ်နှံခြင်း၊ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ စာရင်း အစစ်ဆေးခံခြင်း၊ ပြီးစီးကြောင်းအစီရင်ခံစာတင်ပြခြင်းစသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက် နိုင် စေရန်အတွက်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး ဆက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ငုဝါဆန်း၊ တာဝန် ခံအင်ဂျင်နီယာ ဒေါ်ဇာဇာထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်းတစ်ရာထောက်ပံ့ပေးပြီး ကျေးရွာပေါင်း(၂၂)ရွာတို့တွင် ငွေကျပ်သိန်း (၂၂၀၀) အသုံးပြုကာ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။

ကျော်မြိုင် (ပြန်/ဆက်)