နတ်မောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက သဘာဝဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာကြပြီးမိမိ၏ ပတ်ဝန်းကျင်တွင် ပြန်လည်ပြီးအသိပညာများ ဖြန့်ဝေပေးရန်ရှင်းလင်းပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး ကြိုတင်ပြင်ဆင်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးပြုကြရန်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စည်းစည်းလုံးလုံးစုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေးအန္တရာယ် (၉) ဘေးရှိကြောင်း၊ မုန်တိုင်းဘေး အသိပညာပေးအကြောင်းအရာများ၊ မုန်တိုင်းနှင့်ပတ်သက်ပြီးအရောင် (၅) ရောင်ရှိကြောင်း၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံခြုံသည့် နေရာများ သို့ပြောင်းရွှေ့နေထိုင်ကြရန်စသည့် သဘာဝဘေးအန္တရာယ် အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ သဘာဝဘေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/မ များနှင့် ကျောင်းသား/သူများ တက်ရောက်သည်။
လှဝင်း