ကောလင်းမြို့မဈေးအား ယာယီပိတ်သိမ်း

ကောလင်း ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့မဈေးအား ဇန်နဝါရီ ၂၄ရက်နေ့မှ​ ဖေဖော်ဝါရီ ၆ ရက်နေအထိ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

ကောလင်းမြို့နယ် မြို့မစျေးကြီးအတွင်းရှိ ယာယီပျံကျစျေး၌ နေ့စဉ်ကုန်စိမ်းရောင်းချနေသူ ပျံကျ​စျေးသည်တစ်ဦးထံမှ ဇန်နဝါရီ ၂၂ ရက်နေတွင် ကိုဗစ်-ရောဂါပိုးစစ်ဆေးတွေ့ရှိရသဖြင့် ပြည်သူလူထုများ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရန်နှင့် ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ကောလင်းမြို့မစျေးအား ပိတ်သိမ်းရခြင်းဖြစ်ကြောင်း ကောလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

ပြည်သူလူထုတွေ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေဖို့နဲ့ ရောဂါကူးစက်ပျံ့နှံမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ဖို့အတွက် ကောလင်းမြို့ မြို့မဈေး၊ မြို့မဈေးနဲ့ဆက်စပ်တဲ့ မီးရထားဈေး၊ ပျံကျဈေး(အားလုံး)၊ မြို့မဈေးပတ်ဝန်းကျင် မြို့မဈေး အရှေ့ဘက် ၁၀ လမ်း(ကမ္ဘောဇဘဏ် ၂ ထောင့်ကနေ ဈေးပတ်လမ်း ၉ လမ်းသွယ်) အထိ၊ အနောက်ဘက်မီးရထား သံလမ်းတစ်လျှောက် (မီးရထားဈေးဧရိယာအတွင်း)၊ တောင်ဘက် ရွှေမင်းဝံလမ်း ကမ္ဘောဇဘဏ် ၂ ထောင့်ကနေ မီးရထားသံလမ်းအထိ၊ မြောက်ဘက်ဈေးပတ်လမ်း(၉)လမ်းသွယ် (၈-လမ်းမှ ၁၀ -လမ်း)အထိ ယာယီပိတ်သွားမည်ဖြစ် ကြောင်း ကောလင်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးဝဏ္ဏအောင်ထံမှသိရသည်။

ကောလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ(၆၅)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၂၃)ဦး ၊သေဆုံးသူ ၃ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)