တောင်တွင်းကြီး ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးတက်ပြီး ဘလငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာသင်ခန်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးအတွက် အားလပ်သည့် အချိန်များတွင် စာအုပ်စာပေများကို လေ့လာကြရမည်ဖြစ်ကြောင်း၊ ပညာလိုအိုသည်မရှိ ဆိုသည့်အတိုင်း ပညာတက်မြောက်မှသာ အမှားအမှန်ဝေဖန်ပိုင်းခြားနားလည်မည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ၊ ရသပညာရပ်ပေါင်းစုံကို ဖတ်ရှုလေ့လာကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် နောင်တချိန်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့်သားကောင်း၊ သမီးကောင်းပညာရှင်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောသည်။
အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဦးမျိုး (ဗိဿနိုးမြေ)