ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၌ နည်းပညာဆန်းသစ်တီထွင်မှုထောက်ပံ့ရေးစင်တာ (TISC) ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ငူ ဇူလိုင် ၁၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်တို့ပူးပေါင်း၍ နည်းပညာဆန်းသစ်တီထွင်မှုထောက်ပံ့ရေးစင်တာ Technology and Innovation Support Center (TISC) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က တက္ကသိုလ်များတွင် နည်းပညာဆန်းသစ်တီထွင်မှုထောက်ပံ့ရေးစင်တာ Technology and Innovation Support Center (TISC) များ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ တက္ကသိုလ်နှင့်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ တက္ကသိုလ်ရှိ တီထွင်မှုများနှင့် ဒေသခံ MSME လုပ်ငန်းများအကြား ချိတ်ဆက်မှု တိုးမြှင့်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်မည့်အစီအစဉ်များ၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့အစည်းနှင့်ပူးပေါင်း၍ တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်မှ လက်ရှိတွင် တက္ကသိုလ်မှ ဒေသခံ MSME လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Software Program များ စမ်းသပ်ဆောင်ရွက်ပေးလျက်ရှိပြီး နည်းပညာဆန်းသစ်တီထွင်မှု စင်တာဖွင့်လှစ်ပြီးပါက ယခုထက်ပိုမို၍ စနစ်တကျ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀ဝ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)