ဖလမ်း ဇူလိုင် ၁၄
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၂ ရက်နေ့က ဖလမ်းမြို့နယ်ရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သော စပျစ်သီးစိုက်ပျိုးရေးခြံများ၊ စပျစ်ဝိုင်ပြုလုပ်နေမှုများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းနှင့် အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းများကို ကြည့်ရှုသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်း-သိုင်းငင်းလမ်းပိုင်းပေါ်ရှိ ကြောင်ဟဲင်ကျေးရွာမှ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သော စပျစ်သီးစိုက်ပျိုးရေးလုပ်ငန်းနှင့် စပျစ်ဝိုင်ပြုလုပ်နေမှုများကို သွားရောက်ကြည့်ရှုရာတွင်ဖလမ်း-သိုင်းငင်းလမ်း လမ်းပိုင်းအခြေအနေများအားစစ်ဆေးခဲ့ပြီး၊ စပျစ်သီးစိုက်ပျိုးရေးနှင့် စပျစ်ဝိုင်ထုတ်လုပ်မှုလုပ်ငန်းသည် အိုးမကွာ၊ အိမ်မကွာလုပ်ကိုင်နိုင်သည့် အသေးစားလက်မှု လုပ်ငန်းဖြစ်သည့်အပြင် ဒေသခံများ ပုံမှန်ဝင်ငွေရရှိနိုင်မည့်လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများမှဝိုင်းဝန်းပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ အသေးစားလက်မှုလုပ်ငန်းမှအကြီးစားစက်မှုလုပ်ငန်းသို့ ချဲ့ထွင်ဆောင်ရွက်နိုင်ပါက သားစဉ်မြေးဆက်များအထိ အမွေဆက်ခံနိုင်မည့်မိသားစုလုပ်ငန်းဖြစ်လာမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးကူညီလျက်ရှိကြောင်း တာဝန်ရှိသူများအား မှာကြားပြီး ကျေးရွာအတွင်းရှိ စပျစ်သီးစိုက်ပျိုးရေးခြံများနှင့် စပျစ်ဝိုင်ပြုလုပ်နေမှုများကို လှည့်လည်ကြည့်ရှုပြီး၊ ဒေသခံပြည်သူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။
ကြောင်ဟဲင်ကျေးရွာသည် ဖလမ်းမြို့မှ (၃) မိုင်အကွာတည်ရှိပြီး အိမ်ခြေ (၆၀) ခန့်ရှိကာ တပိုင်တနိုင်စပျစ်သီးစိုက်ပျိုးရေးနှင့် စပျစ်ဝိုင်ထုတ်လုပ်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပြီး စပျစ်သီးနှင့် စပျစ်ဝိုင် များကို ဖလမ်းမြို့၊ ဟားခါးမြို့နှင့် ကလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဒုတိဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦး စီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားမှုများ၊ သင်ကြားရေးသုံးပစ္စည်းပြင်ဆင်ထားရှိမှုများ၊ သင်တန်းဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ထားရှိမှုများ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ရက်ကန်းစင်များနှင့် စက်ပစ္စည်းများ၏အခြေအနေတို့ကို သင်တန်းကျောင်းတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး လက်ရက်ကန်းရက်လုပ်နေမှုများကို ကြည့်ရှု အားပေးခဲ့သည်။
ဖလမ်းမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းကို ၁၉၅၄ ခုနှစ်တွင် အခြေခံသင်တန်းကျောင်း အဆင့်ဖြင့် (၁) နှစ်သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၂-၁၉၉၃ပညာသင်နှစ်တွင် အထက်တန်းရက်ကန်းကျောင်းအဆင့်ဖြင့် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၂) နှစ်သင်တန်းသို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၉ -၂၀၀၀ ပညာသင်နှစ်မှစ၍ ယခုအချိန်ထိ ပညာသင်ကာလကို (၁) နှစ် သင်တန်းအဖြစ် ကာလလျော့ချဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး လက်ရှိတွင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူသင်တန်း၊ လက်ရက်ကန်းသင်တန်း၊ သဘာဝဆိုးဆေးနည်းပညာသင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့၊ ဗိုလ်ချုပ်လမ်းရှိ ဒေသခံပြည်သူတစ်ဦး၏ အသေးစားလက်မှုလုပ်ငန်းသို့ သွားရောက်ခဲ့ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသုံးနှင့် ဆောက်လုပ်ရေးလုပ်ငန်သုံး လက်သုံးကိရိယာများ ထုတ်လုပ်ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးမှ သက်ဆိုင်ရာဌာနများအား စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဝိုင်းဝန်းပံ့ပိုးပေးရန်လိုအပ်ကြောင်း မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်