ဖြူး ဇူလိုင် ၁၄
ကျောင်းသားအရွယ်မှစတင်ကာ အသိပညာဗဟုသုတများရရှိစေပြီး အတွေးအခေါ်များရင့်သန်စေရေးအတွက်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖြူးမြို့နယ်၊ ညောင်ပင်သာ အ.ထ.ကကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသားလူငယ်များ လေ့လာမှုများဖြင့် အသိပညာတိုးတက်လာစေရန်၊ ပရိသတ်များ ရှေ့တွင်ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့်တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက် လူငယ်စကားဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဥ်ဖြင့် (Grade-10) မှ မရှင်းသန့်ဖြူ၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် (Grade-9) မှ မသီရီရှင်းသန့်၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် (Grade-9) မှ မရွှန်းပြည့်ကိုကို၊ လူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဥ်ဖြင့် (Grade-11) မှ မဆုလင်းလက်၊ လူငယ်နှင့်ပညာရေးခေါင်းစဥ်အား (Grade-11) မှ မောင်ဇေယျာအောင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးချက်များအား လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ခေါင်းစဥ်အလိုက် သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြောင်းနှင့် ဦးဆောင်ဆွေးနွေးသူ ၅ ဦးအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)