ပြည် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၅) ရှိ "ပညာတံခွန်ခန်းမ" ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ "စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း" အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မိုးနိုင်က အားကစားဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းလဲ့ဝေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ယင်းနောက် အ.ထ.က (၅) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆက်လက်ကျင်းပရာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့် အ.ထ.က (၅) ကျောင်းမှ (လယ်/ပြ) ဆရာမ ဒေါ်တင်တင်နွဲ့တို့က စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး၊ ဆက်လက်၍ "လူငယ်စကားဝိုင်း" ကိုကျင်းပရာ ကျောင်းသား/ကျောင်းသူ ဦးဆောင်သူများက အောက်ပါခေါင်းစဉ်အသီးသီးဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ မအေးချမ်းမြတ်သူ (Grade 11) မှ "လူငယ်နှင့်အားကစား" ဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ မောင်မင်းခန့်သော် (Grade 11) မှ "လူငယ်နှင့်မူးယစ်ဆေးဝါး" ဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ မောင်ဟိန်းမြတ်မင်း (Grade 10) မှ "လူငယ်နှင့် Social Media" ဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ မသီရိလင်းလက် (Grade 11) မှ "လူငယ်နှင့် စာပေ" အသိပညာများကိုလည်းကောင်း၊ မကေဇင်ဖူး (Grade 10) မှ "လူငယ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး" ဆိုင်ရာ အသိပညာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲအပြီးတွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက လူငယ်စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅ဝ) ဦးခန့်တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသားလူငယ်များ ဗဟုသုတတိုးပွားရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဝဏ္ဏထွန်း (ပြန်/ဆက်)