ညောင်လေးပင် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.လ.က(ခွဲ) ကောလိယကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် အ.လ.က(ခွဲ) ကောလိယကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန် သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရဖွယ် အသိပညာပေး အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်/ စာစောင်များကို ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)