ဘားအံ ဇူလိုင် ၁၃
ဘားအံတက္ကသိုလ်၏ (၂၃)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်အတွက် သုတေသနအားမာန် စာတမ်းဖတ်ပွဲကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ကဏ္ဍအသီးသီးဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပညာရပ်ဆိုင်ရာဘာသာရပ်များကို စာတွေ့သာမကကွင်းဆင်းလေ့လာသုတေသနပြုလုပ်ကြပြီး လက်တွေ့နယ်ပယ်နှင့်ပေါင်းစပ်ကာ အကျိုးဖြစ်ထွန်းအောင်ပြုလုပ်ကြရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုအသိုက်အဝန်း၏လိုအပ်ချက်၊ ဒေသ၏လိုအပ်ချက်၊ နိုင်ငံတော်အတွက်အရေးကြီးလိုအပ်ချက်များ ကို အထောက်အကူပြုမည့်သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်သာမက နိုင်ငံတကာအဆင့်အတန်းမီ သုတေသနလုပ်ငန်းများဖြစ်အောင်ကြိုးစားကြစေလိုကာ ထူးချွန်ထက်မြတ်သည့် သုတေသနပညာရှင်များဖြစ်အောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သောအနာဂတ်အတွက် သုတေသနစာတမ်းဖတ်ကြားကြမည့် ဆရာ၊ဆရာမများအတွက် ငွေကျပ်တစ်ဆယ့်ရှစ်သိန်းငါးသောင်းကျပ်ကိုပေးအပ်ချီးမြှင့်ပြီး ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဘားအံတက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီတက္ကသိုလ်ဖြစ်စေရေး လိုအပ်သည့် သုတေသနပြုမှုများကိုဆောင်ရွက်လျက်ရှိပြီး ဘာသာရပ်နယ်ပယ်အသီးသီး တိုးတက်အသက်ဝင်စေရေး တက်ရောက်လာသူအားလုံးက ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း စာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သုတေသနစာတမ်းဖတ်ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး (ဝိဇ္ဇာဘာသာရပ်)နှင့် (သိပ္ပံဘာသာရပ်)တို့က ဖတ်ကြားမည့်စာတမ်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဘားအံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက ဘက်စုံပညာကိုရည်တို့လှမ်းချီ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် ဘားအံတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ နည်းပြ၊ သရုပ်ပြများက ဝိဇ္ဇာဘာသာရပ်သုတေသနစာတမ်း(၁၆)စောင်ကို ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း၊ သိပ္ပံဘာသာရပ်စာတမ်း (၂၁)စောင်ကို ဘားအံတက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်းမတွင်လည်းကောင်း၊ စုစုပေါင်းစာတမ်း(၃၇)စောင်ကို သက်ဆိုင်ရာဘာသာရပ်များအလိုက် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)