ကဝ ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက မူလွန် (မဂ္ဂဘင်း) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီခိုင်က အဖွင့်အမှာစကားပြောကြားပြီး ကဝမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ စာအုပ်များအား ဖတ်ရှုစေခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)