ကန့်ဘလူ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြေပဲအထွက်နှုန်းကောင်းနိုင်ကြောင်း တောက္ကရှပ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ကန့်ဘလူမြို့နယ်တွင် ယခုနှစ်မိုးမြေပဲကို ကဆုန်လကစတင်စိုက်ပျိုးခဲ့ပြီး ဝါခေါင်၊ တော်သလင်းလတွင် နုတ်သိမ်းမည်ဖြစ်ပြီး တစ်ဧကလျှင် မြေပဲတင်း ၃၀ မှ ၄၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်း ကိုယ်တိုင်မြေပဲငါးဧက စိုက်ပျိုးထားသူ တောက္ကရှပ်ကျေးရွာမှ တောင်သူ ဦးတိုးက ပြောသည်။
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများတွင် မိုးသီးနှံအဖြစ် မြေပဲကိုအဓိကစိုက်ပျိုးကြပြီး ယခုနှစ်မိုးသီးနှံမြေပဲကို ၅၁၅၆၆ ဧကစိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၄၇၄၁၃ ဧကစိုက်ပျိုးပြီးစီးကာ ရာခိုင်နှုန်းအနေဖြင့် ၉၁ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်ပတ်ဝန်းကျင်သည် မိုးကောင်းသောက်လယ်ယာမြေများဖြစ်ပြီး စပါးနှင့် ယာသီးနှံဖြစ်သည့် နှမ်း၊ ပြောင်း၊ ပဲစင်းငုံ၊ ပဲအမျိုးမျိုးကို အဓိကထားစိုက်ပျိုးကြကာ မိုးမြေပဲ၊ ဆောင်းမြေပဲများကိုလည်း ရာသီအလိုက်စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံသည် ဆီထွက်သီးနှံများအနက် ဒုတိယအများဆုံးဖြစ်ပြီး မြေအမျိုးအစားအနေဖြင့် မြေပဲပင်သည် ရေဝတ်မှုကိုကြာ ရှည်မခံနိုင်ခြင်းကြောင့် ရေသွင်းရေထုတ်လွယ်ကူသော နုန်းမြေ၊ မြေနီသဲဝန်း၊ သဲနုန်းမြေ၊ နုန်းစနယ်မြေများမှာ စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)