ဝေါ ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁) နာရီက အခြေခံပညာအထက်တန်းကျောင်း (အဗျားငှက်ချေးဝင်း) ၌ ကျင်းပခဲ့သည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း (အဗျားငှက်ချေးဝင်း) မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်နေညိုညိုက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်း အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးပြီး၊ အ.ထ.က (အဗျားငှက်ချေးဝင်း) ကျောင်းမှ Grade (11) ကျောင်းသား မောင်ဝိုင်းဝိုင်းလည်က ကျွန်ုပ်တို့၏ရင်ဘက်ပေါ်မှ ဧရာမဆိုင်းဘုတ်ကြီးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (9) ကျောင်းသူ မဖူးပြည့်သဇင်အောင်က ဆရာကောင်းမှ ကျောင်းသားကောင်းမည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(10) ကျောင်းသား မောင်ဝေယံဖြိုးက အောင်မြင်မှုကိုရနိုင်သော နည်းလမ်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11) ကျောင်းသူ မဝေနွယ်ဖြိုးက ရှုံးနိမ့်မှုတိုင်းကို သင်ခန်းစာလို့ သဘောထားပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (10) ကျောင်းသူ မသိမ့်သိမ့်ဦးက စာသင်ကျောင်းကို ဘာလို့လာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (9) ကျောင်းသား မောင်ထွန်းလွင်ဦးက သင့်ကို သင်ဘယ်လို မောင်းတင်မလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် ဗဟုသုတစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)