ကဝမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ခမဲပြင်၌ လူငယ်စကားဝိုင်းကျင်းပ

ကဝ ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ခမဲပြင်၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ခမဲပြင်မှ ကျောင်းအုပ်ဆရာကြီး လှထွေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဦးဆောင်ဆွေးနွေးကာ Grade (7) မှ မောင်သုတမောင်မောင်က လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့် လည်ကောင်း၊ Grade (6) မှ မဧပရယ်မြတ်နိုးက လူငယ်နှင့်အပေါင်းအသင်း ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade (8)မှ မနှင်းထက်ထက်လှိုင်က လူငယ်နှင့်အနာဂါတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade (9)မှ မမေဖြိုးက လူငယ်နှင့်ပန်းတိုင်ခေါင်းစဉ်များဖြင့် လည်းကောင်း အသီးသီးဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၁၈၀) ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်/ စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)