ကျွန်းလှမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျွန်းလှ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိပြီး အသိပညာဗဟုသုတကြွယ်ဝ‌စေရန်အတွက် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၃ ရက်နေ့နံနက်ပိုင်းက အင်းကောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်း-၃ ဒေါ်လှလေးစိန်က စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက အားကစားဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသီဟမင်းခိုင်က မီးကြိုတင်ကာကွယ်ရေးအကြောင်း ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာစောင်၊ ဓာတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားကြပြီး ဉာဏ်စမ်းမေးခွန်းဖြေနိုင်သူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ