ကျောက်ကြီးမြို့နယ်၌ မြို့နယ်အဆင့်မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ကျောက်ကြီး ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အဆင့်မြစိမ်း ရောင် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးအောင်ကိုကိုက အဖွင့်အမှာ စကားပြောကြားရာတွင် စီမံကိန်း၏ရည်ရွယ်ချက်များဖြစ်သော အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစု ဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်း လျော့ချရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်၊ ကျေးရွာလိုအပ်ချက်နှင့် အခက်အခဲများ အောင်မြင်စွာ ဖြေရှင်းလာနိုင်စေရန်၊ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှုအား ကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ စွမ်းဆောင်ရည်ကောင်းသည့် ကော်မတီဝင်များ ဖြစ်ပေါ်လာစေရန် စွမ်းရည်မြှင့်သင်တန်းများ မကြာခဏဖွင့်လှစ်ပေးကြောင်း၊ စွမ်းဆောင်ရည်ကောင်းသည့် ကော်မတီ ဝင်များ၏ကျေးရွာသည် အခြားကျေးရွာများထက် ပိုမိုအောင်မြင်ကြောင်း၊ မိမိကိုယ်ပိုင်အရင်းအနှီးဖြင့် မိသားစု ဝင်ငွေရှာနိုင်သည့် အဆင့်ထိရောက်အောင်ကြိုးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။

မြစိမ်းရောင်စီမံကိန်းကျေးရွာ(၁၂)ရွာရှိပြီး စီမံကိန်းကော်မတီတွင် (၆)နှစ်ဆက်တိုက်နှင့်(၅)နှစ်ဆက်တိုက် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သောကော်မတီဝင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ စံပြကျေးရွာဆု၊ စွမ်း ဆောင်ရည် အကောင်းဆုံးဆုနှင့် စည်းလုံးညီညွတ်မှု အကောင်းဆုံးဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။                                                                                                                     

Kခိုင်ပြန်/ဆက်