ကော့ကရိတ် ဇန်နဝါရီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ် မြို့နယ်မှ မိုးလုံလေလုံအားကစားရုံ(၁၂၀ပေ×၉၀ပေ) တည်ဆောက်ခြင်းပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပန္နက်တင်မင်္ဂလာအခမ်းအနားကို ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကရင်ပြည်နယ်လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ကရင်ပြည်နယ် ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီးဦးခွန်မျိုးတင့်၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းနု၊ မြို့နယ်စည်ပင် သာယာရေးဥက္ကဋ္ဌ ဦးဉာဏ်စိန်နှင့် တာဝန်ရှိသူများက လုပ်ငန်းတည်ဆောက်မည့် သတ်မှတ်နေရာအား ပန္နက်တိုင်ရိုက်ခြင်းနှင့် အမွေးနံ့သာများ ပက်ဖြန်းခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မိုးလုံလေလုံအားကစားရုံသည် (၁၂၀ပေ×၉၀ပေ) Steel Structure Building ဖြစ်ပြီး Htut & Family ကုမ္ပဏီက (၂၉၄၈.၂၂၀) ကျပ်သန်းဖြင့်အ ကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)