ကမမောင်း ဇူလိုင် ၁၃
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်နယ်အဆင့် ပထမဆုရရှိအောင် ကြိုးပမ်းပေးခဲ့ကြသည့် မြို့နယ်၊ ကျောင်းနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်က နိုင်ငံတော်၏အနာဂတ် ရင်သွေးငယ်များဖြစ်သည့်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ယခုကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ ပြည်နယ်အဆင့် ပထမဆု ရရှိအောင်ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘများ၊ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ မြို့နယ်/ကျောင်းအုပ်ချုပ်သူများ၏ ကြိုးပမ်းအားထုတ်မှုကို အထူးပင်မှတ်တမ်းတင် ဂုဏ်ပြုရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရှေ့ဆက်ရမည့် တက္ကသိုလ်ပညာရပ်များကိုလည်း ဆက်လက်ကြိုးစားအားထုတ်ပြီး မိမိတို့ပြည်နယ်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူသားအရင်းအမြစ်ကောင်းများ ဖြစ်လာစေရန် မျှော်လင့်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဖာပွန်မြို့နယ်ပညာရေးမှူး ဦးသိန်းဦးက ကျောင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်စွာ အောင်မြင်အောင် စနစ်တကျ သင်ကြားပြသပေးခဲ့သည့် ဆရာ၊ ဆရာမများအားလည်းကောင်း၊ ဘာသာရပ်အလိုက် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်၍ ကရင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်သည် ကမမောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်၊ မြို့နယ်၊ မြို့အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဌာနဆိုင်ရာများအကြား လုပ်ငန်းများ ပိုမိုသွက်လက်မြန်ဆန်စေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး၊ တင်ပြလာသည့် အခက်အခဲများနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ကရင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် အဖွဲ့သည် ကမမောင်းမြို့မ ဘောလုံးကွင်းသို့ သွားရောက်ကာ ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် အသက် ၁၅ နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပွဲစဉ်အား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ဦးစောမျိုးမြင့်နှင့် အဖွဲ့သည် အုန်းတောအခြေခံပညာအလယ်တန်း ကျောင်းသို့ ဆက်လက်သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု အဆင်ပြေချောမွေ့စေရေးအတွက် ဆောက်လုပ်နေသည့် ယာယီကျောင်းဆောင် ဆောက်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးစဉ် ဝန်ကြီးက ကျောင်းဆောင်များ ရေရှည်ခိုင်ခံ့မှုရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ကျောင်းသားငယ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)