ကျောက်ကြီး ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ မြို့နယ်ဥပဒေအရာရှိရုံးကဦးဆောင်ပြီး ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်း တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်စွာထွန်းက လူတိုင်းဥပဒေအသိပညာရရှိစေရန်အတွက် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေရေးရာဘာသာရပ်အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပြန်လည်မျှဝေမယ်ဆိုရင် ရပ်ကွက်ကျေးရွာအုပ်စုများရှိ ပြည်သူများ ဥပဒေအသိပညာများ ပြန့်ပွားသိရှိစေရန်၊ နိုင်ငံသားတိုင်းတရားဥပဒေစိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်းဥပဒေအသိပညာရရှိစေရေးနဲ့ ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရေးတို့ကိုရည်ရွယ်ကြောင်း၊ ယခုသင်တန်းကို ဇူလိုင် ၁၃ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ (၅) ရက်တာ ကျောက်ကြီးမြို့ပေါ်ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) အားစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)