ဆမီးမြို့၌ အမြင့်ရေတင်စီမံကိန်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဆမီး       ဇန်နဝါရီ           ၂၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ငွေဖြင့် ဆောင်ရွက်သည့် အမြင့်ရေတင်စီမံကိန်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးမှုအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အမြင့်ရေတင်ခြင်းလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုငွေ (၃၃၂)သိန်းဖြင့် ဆမီးမြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူ၍ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရပါသည်။

“ကျွန်တော်တို့ဆမီးမြို့အမှတ်(၂)ရပ်ကွက်တိုက်နယ်ဆေးရုံအသစ်ရဲ့ ရေကန်ထဲကို အမြင့်ရေတင် တာရယ်၊ နောက်ပြီးတော့ အမှတ်(၁)ရပ်ကွက် မြို့ပိုင်ကုန်းက ရေကန်ထဲကို အမြင့်ရေတင်တာရယ် စတဲ့လုပ်ငန်း (၂)ရပ်ကို ဆောင်ရွက်ခဲ့ကြတာပါ၊ ကျွန်တော်တို့ အခုလိုအမြင့်ရေတင်ပြီး ဆောင်ရွက်ကြတဲ့အခါ ဆမီးမြို့မှာ ရှိတဲ့ပြည်သူ တွေအတွက် သောက်သုံးရေလွှမ်းခြုံမှုအနေနဲ့ကတော့ (၇၅)ရာခိုင်နှုန်း ဖူလုံနိုင်မှာပဲ ဖြစ်ပါတယ်” ဟုဆမီးမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ထိုက်က ပြောပါသည်။

အဆိုပါအမြင့်ရေတင်ခြင်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြရာ၌ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝါဘေးရီသာ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

လဲ့လဲ့ခိုင်(ပြန်/ဆက်)