ကျောက်တံခါးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကျောက်တံခါး ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖဒိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖဒိုမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းကြည်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ဖဒိုမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ (Grade-11) ကျောင်းသူ နော်ဂျူဂျူဌေးက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-11) ကျောင်းသူ မသံစဉ်လင်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-10) ကျောင်းသား စောဝိုင်းဝိုင်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-10) ကျောင်းသူ မဂျူးဂျူးဇင်က လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-10) ကျောင်းသူ မစုမြတ်နိုင်က လူငယ်နှင့်စူးစမ်းလေ့လာမှုများခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့သူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)