အုတ်ဖိုမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

အုတ်ဖို ဇူလိုင် ၁၃

အနာဂတ်လူငယ်လူရွယ်များ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အ.ထ.က အေးမြသာယာတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာလူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် မောင်တင်ကိုလွင်နှင့်အဖွဲ့မှလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် မမနောဖြူနှင့် အဖွဲ့မှလည်းကောင်း၊ လူငယ်နှင့်အချိန်ခေါင်းစဉ်ဖြင့် မပြည့်ငြိမ်းနိုင်နှင့် အဖွဲ့မှလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာပေများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်သူ