ရွှေတောင်မြို့နယ်တွင် ၂၀၂၆ ဘဏ္ဍာနှစ်မိုးစပါး (၅၈၁၆၃) ဧကစိုက်ပျိုးရန်လျာထား

ရွှေတောင် ဇူလိုင် ၁၃

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (၅၈၁၆၃) ဧက စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသော ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ဧကများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှ ကြီးကြပ်၍ ပျိုးထောင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းများဖြင့် ရေဆင်းပေါ်ဆန်း- ၁၊ ရေဆင်းပေါ်ဆန်း-၂၊ မှော်ဘီ- ၂၊ ရတနာတိုးစပါးမျိုးများ စိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များအား ကွင်းသရုပ်ပြသခြင်း၊ နှစ်စဥ်မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်နည်းများ သရုပ်ပြသခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသောစျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်းလုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် တောင်သူအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)