ပန်းတောင်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃)တွင် တာဝန်ထမ်းဆောင်ပြီး မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းကာလ (၂)နှစ်ပြီးဆုံး၍ ပြန်လာကြသူများအား မြို့နယ်အထွေထွေ အုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် မိဘပြည်သူများက အောင်သပြေပန်းများ၊ ပန်းကုံးများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို ခဲ့ကြသည်။
ထို့နောက် ပန်းတောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးသန်းဇော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးခင်အောင်ဝင်းတို့မှ ဂုဏ်ပြုအမှာစကား များ အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)တွင် တာဝန်ထမ်းဆောင်ပြီး ပန်းတောင်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသူများအား ပန်းတောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို တစ်ဦးချင်းစီ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
လပြည့်လင်း(ပြန်/ဆက်)