ပန်းတနော်မြို့နယ်၌ ခွေးရူးပြန်ရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပန်းတနော် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ မိဘပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ခွေးရူးပြန်ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ရောဂါဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်သည့် “ခွေးရူးပြန်ရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ” ကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပန်းတနော်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ခွေးရူးပြန်ရောဂါသည် အချိန်မီကြိုတင်ကာကွယ်ဆေးမထိုးနှံပါက အသက်အန္တရာယ် စိုးရိမ်ရသည့် ရောဂါဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ထားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသဲစုခိုင်က ခွေးရူးရောဂါကူးစက်ပြန့်ပွားနိုင်သည့်ပုံစံများ၊ တိရစ္ဆာန်များတွင် ပြသလေ့ရှိသည့် ရောဂါ လက္ခဏာများနှင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့သည်။ ၎င်းနောက် မြို့နယ်ကျန်းမာရေးမှူး ဒေါ်ခိုင်ခိုင်ဝင်းက ခွေး သို့မဟုတ် ကြောင် ကိုက်ခံရပါက ကနဦးပြုလုပ်ရမည့် ရှေးဦးသူနာပြုစုနည်းလမ်းများ၊ ကာကွယ်ဆေး ကြိုတင်ထိုးနှံ ထားခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ဆေးရုံ၊ ဆေးခန်းများတွင် ကာကွယ်ဆေး ထိုးနှံနိုင်မည့် အခြေအနေများကို အသိပညာပေး ရှင်းလင်းပြော ကြားခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ခွေးရူးပြန်ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)