ကြံခင်းမြို့ရှိ အောက်ဆီဂျင်စက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး လွှဲပြောင်းပေးအပ်

ကြံခင်း   ဇူလိုင်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယမနေ့မွန်းလွှဲပိုင်းက အောက်ဆီဂျင်စက်ရုံလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက် အဖွင့်အမှာစကား ပြောကြားပြီး အောက်ဆီဂျင်စက်ရုံဥက္ကဋ္ဌ ဦးစိုးမြင့်က အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် ရပ်နှီး/ရပ်ဝေးခုနစ်ရက်သားသမီးများ၏ အလှူထည့်ဝင်ငွေဖြင့်  စတင်တည်ဆောင်ခြင်း၊ ယခင်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ လက်ရှိရပ်နားထားရသည့် အကြောင်း အရင်းများနှင့်လွှဲ ပြောင်းပေးအပ်ရခြင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၅၂၈ ပရဟိတကျောက်တိုက် ဦးစီးပဓာနဆရာတော် ဒေါက်တာဘဒ္ဒန္တပညာနန္ဒက အောက်ဆီဂျင်စက်ရုံဆက်လက်လည်ပတ်ရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အခြေခံလူတန်းစား ခုနှစ်ရက်သား၊ သမီးများအား အဓိကကူညီပေးသွားမည်ဖြစ်သည့်အပြင် လိုအပ်သောအောက်ဆီဂျင်ပမာဏထုတ်လုပ်နိုင်ရေး ကြံခင်းမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဩဝါဒမြွတ်ကြားပြီး အောက်ဆီဂျင်စက်ရုံဥက္ကဋ္ဌ ဦးစိုးမြင့်က ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒထံ လွှဲပြောင်းစာချုပ်အား ပေးအပ်သည်။ 

အခမ်းအနားသို့ ၅၂၈ ပရဟိတကျောက်တိုင်ဆရာတော် ဒေါက်တာပညာနန္ဒ၊ ရွှေတောင်ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကြံခင်းမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ကြွရောက် ချီးမြှင့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)