မြဝတီ ဇူလိုင် ၁၂
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်အခမဲ့အထူးကုသကွင်းဆင်းခြင်းကို ဇူလိုင် (၁၁)ရက် နံနက် ၈ နာရီက အမှတ် (၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း(ခွဲ)ကျောင်း(ရေပူ)တွင် ကွင်းဆင်းကုသခဲ့ရာ ခုတင်(၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး၊ အထူးကုဆရာဝန်၊ လက်ထောက် ဆရာဝန်၊ သူနာပြုဆရာမကြီးများ၊ သူနာပြုများက ရပ်ကွက်နေပြည်သူများကို အခမဲ့ဆေးကုသပေးသည်။
အဆိုပါ ကျန်းမာရေးအထူးကုကွင်းဆင်းကုသရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ဝင်းဦးဆောင်၍ ခုတင်(၂၀၀)ဆံ့ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး၊ အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသည့် ရပ်ကွက်နေပြည်သူများအား အထွေထွေရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ ကလေး၊ အရိုး၊ အကြော၊ သွားနှင့်ခံတွင်း ရောဂါများကို ကုသပေးခဲ့ပြီး ဓာတ်မှန်၊ အာထရာဆောင်းရိုက်ရန်လိုအပ်သည့် လူနာမျာအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စီစဉ်ဆောင်ရွက်ခြင်း၊ အရေးပေါ်လူနာများနှင့် ခွဲစိတ် ကုသရန်လိုအပ်သည့် လူနာများအတွက် ဘာသာရပ်အလိုက် ခွဲစိတ်မည့်နေ့ရက်များတွင် ခွဲစိတ်နိုင်ရန် စီစဉ်ထားသည်။
ထိုသို့ ကျန်းမာရေး အထူးကုကွင်းဆင်းကုသရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)