ဖလမ်း ဇူလိုင် ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး ဆေးရုံအတွက်လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများ အားပေးအပ်ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ရုံးများသို့ လှည့်လည်ကြည့်ရှုသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ယာယီပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး မြို့မိမြို့ဖများ၊ ဆေးရုံအုပ်ကြီး၊ ဆေးရုံဝန်ထမ်းများမှ ယာယီဆေးရုံပြင်ဆင် စီမံထားရှိမှုအခြေအနေ၊ (Mobile) ခွဲစိပ်ခန်းတပ်ဆင်ထားရှိမှု အခြေအနေ၊ ရေရရှိမှု အခြေအနေ၊မီးရရှိမှု အခြေအနေ၊ ဆေးရုံထပ်မံတိုးချဲ့နိုင်မည့် အခြေအနေ၊ ဓာတ်ခဲခန်းသုံး ပစ္စည်းများနှင့် ဆေးဝါးများရရှိမှု အခြေအနေများ၊ ဆေးကုသပေးနေမှု အခြေပနေများကို ရှင်း လင်းတင်ပြကြပြီး တင်ပြချင်များအပေါ် ဒုတိယဝန်ကြီးမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးပြီး ဆေးရုံအတွက်လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကို နိုင်ငံတော်မှ အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယာယီခွဲစိပ်ခန်းအတွင်း ဓာတ်ခွဲခန်း သုံးပစ္စည်းများ တပ်ဆင်ထားရှိမှုအခြေအနေနှင့် ဆေးစတိုလ်အတွင်း ဆေးဝါးများ သိုလှောင်ထားရှိ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ ဆေးကုသပေးနေသည့် ပြင်ပလူနာများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ပြည်သူများကို တစ်ဦးချင်းရင်း ရင်းနှီးနှီးအားပေးစကားပြောကြားကာ ဆေးရုံအတွက်လိုအပ်သည့် ဓာတ်ခွဲခန် းသုံးပစ္စည်းများနှင့် ဆေးဝါးများကိုပေးအပ်ရာ ဆေးရုံအုပ်ကြီးမှလက်ခံရယူသည်။ ဖလမ်းမြို့ယာယီပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း (၈၄) ဦးဖြင့် ကျန်းမာရေးစစ်ဆေး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာပေါင်း (၁၄၂၄) ဦးအား ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့ပေါ်ရှိဒေသခံများသာမက ကျေးရွာများမှဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူ လျက်ရှိကြောင်းသိရသည်။ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်၍ ဆရာဝန်နှင့်ကျန်းမာရေး ဝန်ထမ်း(၂၈၅) ဦးဖြင့် လူနာပေါင်း (၁၃၆၇၇) ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး ကုသရေးပစ္စည်းများနှင့်ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်သည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသည့်မြန်မာ့စီးပွားရေးဘဏ်ခွဲ(ဖလမ်းမြို့)သို့ ရောက်ရှိရာ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုပေးနေသည့်အခြေအနေများနှင့် ဝန်ထမ်းများ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဝန်ဆောင်မှုရုံး ( One Stop Shop) နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ၊ အုပ်စု/ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်တွေ့ဆုံရာတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး တစ်ဦးချင်းရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)