ဒီးမော့ဆိုမြို့နယ် ဆီးလီဒုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ဒုတိယအကြိမ် ချေးငွေများ ထုတ်ချေးပေး

ဒီးမော့ဆို       ဇန်နဝါရီ        ၂၃

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီး ဌာနမှ ဆီးလီဒုန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေဖြင့် ဒုတိယအကြိမ် ချေးငွေထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား ချေးငွေများထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ၊ မိသားစုဝင်ငွေများ တိုးပွားလာစေရန်နှင့် ဆင်းရဲမှုနှုန်းလျော့ချနိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေ ဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာပြည်သူလူထုများ ကိုယ်တိုင် ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ပြီး စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒီးမော့ဆိုမြို့နယ် ဆီးလီဒုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေဖြင့် ဒုတိယအကြိမ် ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၉၉)ဦး၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ (၁၀)ဦးအား ချေးငွေပေါင်း ငွေကျပ် ၃၁၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။

အဆိုပါ ချေးငွေများ ထုတ်ချေးရာတွင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ချောစု၊ မြစိမ်းရောင်စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ခင်သန်းနု နှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ  ချေးငွေများ ထုတ်ချေးနိုင်ရန်အတွက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)