ကျွန်းလှ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲဧက ၅၇၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီမှာ မိုးမြေပဲစိုက်ပျိုးဖို့ ၇၅၈၂ ဧကလျာထားပြီး အခုအခါ ၅၇၈၉ ဧက (၇၆ ဒသမ ၃၅) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ လျာထားချက်ပြည်မီဖို့ ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးသီူနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးရန် ၇၇၄၅ ဧက လျာထားပြီး လက်ရှိအချိန်အထိ ၅၈၁၈ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ