တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် မိုးစပါးစုပေါင်းစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ယမန်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် စုပေါင်းမိုးစပါးစိုက်ပျိုးနေမှု သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာသို့ရောက်ရှိခဲ့ပြီး ဒေသခံမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချသုံးစွဲနိုင်ရေးနှင့် မြေဆီဩဇာကြွယ်ဝစေရေး သဘာဝမြေဩဇာထုတ်လုပ် သုံးစွဲရန်၊ ကြားသီးနှံအဖြစ် ပဲတစ်မျိုးမျိုးစိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံမိုးစပါးစိုက် တောင်သူများအတွက် သွင်းအားစုများ ပေးအပ်သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အင်ဂျင်ပါလက်ဆွဲကောက်စိုက်စက်၊ အင်ဂျင်ပါ မျိုးစေ့ချကိရိယာ၊ လူစီးကောက်စိုက်စက်တို့ဖြင့် ရေဆင်းပေါ်ဆန်း()မျိုး စုပေါင်းမိုးစပါးစိုက်ပျိုးနေမှုအား ဒေသခံတောင်သူများနှင့်အတူတကွ ကြည့်ရှုအားပေးသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)