ဂန့်ဂေါ ဇန်နဝါရီ ၂၃
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်ရန်ပုံငွေကို ဂန့်ဂေါမြို့နယ် အလှူတော်ကောက်ခံရေး ကော်မတီသို့ ထည့်ဝင်လှူဒါန်းလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် ဇနီး ဒေါ်ရီရီသန်း မိသားစုက ငွေကျပ် ၂ သိန်း၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်က ငွေကျပ် ၅ သိန်း၊ မြို့နယ်သမဝါယမ အသင်းစု လီမိတက် အမှုဆောင်ဒါရိုက်တာများနှင့် ဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေ ကျပ် ၁ သိန်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့က ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်ရန်ပုံငွေအတွက် လှူဒါန်းလျက်ရှိရာ စေတနာရှင် ပြည်သူများ ထံမှ ငွေကျပ် သိန်း ၃၀၀ ကျော် ရရှိပြီးဖြစ်ကြောင်း အလှူတော်ကောက်ခံရေးကော်မတီ အတွင်းရေးမှူး ဦးတင်သောင်း ထံမှ သိရသည်။
ထို့ပြင် နေပြည်တော်ဘဏ်ခွဲရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့လည်း ဂန့်ဂေါမြို့ မြန်မာ့စီးပွါးရေးဘဏ်ခွဲမှတစ်ဆင့် ထည့်ဝင်လှူဒါန်းလျက်ရှိရာ ကျောတိုက်ရပ်ကွက် အောင်သရဖူရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်က ငွေကျပ် ၁၀ သိန်း၊ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းစုလီမိတက်က ငွေကျပ် ၃ သိန်းတို့ကို ပေးပို့လှူဒါန်းကြပြီး ဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း