လက်ပံတန်း ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံမှ မိုးနှောင်းရာသီတွင် စိုက်ပျိုးသော သီးနှံစမ်းသပ်ကွက်များ သရုပ်ပြရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနခြံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံ မန်နေဂျာ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်လေဘာတီတင်က စိုက်ပျိုးရေးသုတေသနဌာန၏ လုပ်ငန်းများအား Projector ဖြင့် ရှင်းလင်းပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ဂျုံ စမ်းသပ်စိုက်ပျိုးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဉာဏ်မြင့်က တောင်သူများအား စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးနည်းပညာများအတိုင်း ဆောင်ရွက်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အကြံပြုပြောကြားခဲ့သည်။
ထို့နောက် မိုးနှောင်းရာသီစိုက် သီးနှံစမ်းသပ်ကွက်များအား တက်ရောက်လာသူများမှ လေ့လာကြည့်ရှု ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ စမ်းသပ်ကွက်မှထွက်ရှိသော ပဲမျိုးများကို မျိုးယှဉ်ပြိုင်ခြင်း အဆင့်ဆင့်ပြုလုပ်ပြီး မျိုးစေ့အသိအမှတ်ပြုလက်မှတ်ရအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံမှ သိရသည်။
ဝင့်နန္ဒာဌေး