ကရင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ဘားအံ ဇူလိုင် ၁၁

မြို့အင်္ဂါရပ်နှင့်အညီ Green City, Clean City ဖြစ်စေရေး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အခါအားလျှော်စွာ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တရုတ်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကော့ကျိုက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့တွင်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်များ ရှင်းလင်းခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများ အသုံးပြုဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၏ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ရေ၊ မီး၊ မိလ္လာများပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ ကျောင်းနေပျော်စေရေး အတွက် စာသင်ကျောင်းများအား သန့်ရှင်းသာယာလှပသော ပတ်ဝန်ကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။

အလားတူ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာန၏ ဘားအံခရိုင် မီးသတ်ဦးစီးမှူးရုံး ၄ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါအဆောက်အဦ တည်ဆောက်မည့်မြေနေရာ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပန္နက်ရိုက်မင်္ဂလာကို ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တာဝန်ယူတည်ဆောက်မည့် နန်းအေးရိပ်ကုမ္ပဏီလီမိတက်က အဆောက်အဦ တည်ဆောက်မည့်ပုံစံအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

အဆိုပါအဆောက်အဦကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၉၁ ဒဿမ ၅၁၇ သန်းဖြင့် နန်းအေးရိပ်ကုမ္ပဏီလိမိတက်က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလာပန္နက် တော်တင်အခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ အဆောက်အဦ ဆောက်လုပ်မည့် ပရဝုဏ်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ မဲဘောင်-နောင်ပလိန် ကားလမ်းမကြီးပေါ်တွင် 60 KW  AC.DC  Charger ငါးလုံ နှင့် 400 Kva   ထရန်စဖော်မာတစ်လုံး တပ်ဆင်၍  EV ကား ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်သော  EV  Charging Station Level 3 တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

အလားတူ သံလွင်မြစ်ရေသည် ယနေ့နံနက် ၁၀ နာရီခွဲ တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီ မီတာအောက် ၇၄၄ စင်တီမီတာသို့ ရောက်ရှိနေပြီး မြေနိမ့်မိုင်းလူနေရပ်ကွက်များရှိ အိမ်ထောင်စုများအား မြစ်ရေကြီးမှုသတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်အသိပေး၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားပါက အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်း၌ သံလွင်မြစ်ရေ မြင့်တက် လာမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)