မိုးညို ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုရှိ နဒီဧရာဆိပ်ကမ်း၌ ရေဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၁၀ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား လူ၊ ပစ္စည်းရွှေ့ပြောင်းခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ အသုံးပြု၍ ရေနစ်နေသည့် ပြည်သူအားကယ်ဆယ်ခြင်း၊ ဒဏ်ရာရလူနာအား ရှေးဦးသူနာပြုစုခြင်းနှင့် ကျန်းမာရေးဌာနသို့ ပို့ဆောင်ခြင်း၊ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သဘာဝဘေးအန္တရာယ် အသိပေးနှိုးဆော်ခြင်းတို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါလေ့ကျင့်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် အဖွဲ့ဝင်များ၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်မင်းစိုးနှင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)