ဘားအံပညာရေးဒီဂရီကောလိပ်တွင် တည်ဆောက်မည့်အဆောက်အဦများ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ဘားအံ   ဇန်နဝါရီ   ၂၃

ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်မည့် အဆောက်အဦ(၃)ခုတို့၏ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲခန့်က အဆိုပါအဆောက်အဦများ ဆောက်လုပ်မည့် မြေနေရာများ၌ ကျင်းပသည်။

ထိုအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘားအံပညာရေးဒီကရီကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ပါမောက္ခများ တက်ရောက်၍ သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တင်ပေးခဲ့ကြပြီး အမွေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။

ဘားအံပညာရေးဒီဂရီကောလိပ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ယခင်ဘားအံပညာရေး ကောလိပ်မှ အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်ရာ ဖွဲ့စည်းပုံတိုးလာပြီး ကျောင်းသား/သူ၊ ဆရာ/မဦးရေ တိုးလာသည်နှင့်အညီ ကျောင်းဆောင်သစ်များ လိုအပ်လာသည့် အတွက် အလျား ၁၇၉ ပေ၊ အနံ ၃၆ ပေရှိ သံကူကွန်ကရစ်အမျိုးအစား သင်တန်းသား ၁၅၀ ဆံ့ ၃ ထပ်အိပ်ဆောင်တစ်လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ ရှိ အာစီ ၄ ခန်းတွဲ ၄ ထပ် ဆရာ/မ အိပ်ဆောင်တစ်လုံး၊ အလျား ၁၂၀ပေ၊ အနံ ၃၀ ပေရှိ အာစီ ၂ ထပ် စာကြည့်တိုက်တစ်လုံး တို့ကို ဆောက်လုပ်ရန် ယနေ့ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့သည့် သုံးထပ် စာသင်ဆောင်တစ်ဆောင်နှင့် ၈ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ယာတို့မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)