တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ငူ ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီကာကွယ်စောင့်ရှောက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ဒေသအတွင်း မိုးရာသီကာလရေကြီးရေလျှံမှုများနှင့် အခြားသောသဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိမှုများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအကြား အချိတ်အဆက်မိမိပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ပရဟိတအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများစုဆောင်းထားရှိမှု၊ အရေးပေါ်အခြေအနေတွင် အသုံးပြုမည့်စက်ပစ္စည်း၊ ယာဉ်ယန္တရားများ ပြင်ဆင်ထားရှိမှု၊ ရိက္ခာနှင့်ဆေးဝါးအင်အား စုဆောင်းထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့်ပတ်သက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ရာသီဥတု သတင်းအချက်အလက်များကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ အသိပေးထုတ်ပြန်ရန်၊ ဘေးလွတ်ရာရွှေ့ပြောင်းရမည့် အခြေအနေများအတွက် ယာယီကယ်ဆယ်ရေးစခန်းများနှင့် နားခိုရာနေရာများကို ကြိုတင်သတ်မှတ်ပြင်ဆင်ထားရန်၊ အရေးပေါ်အခြေအနေ ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းဆင်းနိုင်ရေး အသင့်စုဖွဲ့ထားရန် လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်ငူမြို့ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)