တောင်ငူ ဇူလိုင် ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ အုတ်တွင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ တောင်ငူခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ဆက်လက်၍ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ တောင်ငူခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အုတ်တွင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အုတ်တွင်းမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်တန်းသူများအား သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား (၁၅)ဦးအား အမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုး၊ ရှပ်အင်္ကျီ၊ ဂါဝန်၊ သုံးလွှာစကပ်၊ လေးလွှာစကပ်နှင့် ချိတ်စကပ်ချုပ်နည်းစသည်တို့ကို ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် (၁၀-၇-၂၀၂၆)ရက်နေ့မှ (၈-၈-၂၀၂၆)နေ့အထိ (၁)လကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး (၁၃-၈-၂၀၂၆)ရက်နေ့မှ (၂၇-၈-၂၀၂၆)ရက်နေ့အထိ မွမ်းမံသင်တန်းကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ သင်တန်းမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ကျပ်(၁၄)သိန်းဖိုးနှင့်ညီမျှသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်