ရေတာရှည်မြို့နယ်‌ အ-ထ-က ရွှေကြက်ယက်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရေတာရှည် ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အ-ထ-က ရွှေကြက်ယက်ကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ အ-ထ-က ရွှေကြက်ယက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်စကားဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ-ထ-က ရွှေကြက်ယက်ကျောင်းမှ Grade-11 ကျောင်းသားမောင်သက်ဝေလင်းက လူငယ်နှင့်ကျင့်ဝတ်၊Grade-11 ကျောင်းသူ မနှင်းအိလင်းက လူငယ်နှင့်ကိုယ်ကျင့်တရား၊ Grade-11 ကျောင်းသား မောင်ရဲရင့်ထွန်းက လူငယ်နှင့်အချိန် စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့သည်။ လူငယ်စကားဝိုင်းကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်သူများက ပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါစကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)