တောင်ငူမြို့၊ အထက (နတ်စင်ကုန်း)၌ လူငယ်စကားဝိုင်းကျင်းပ

တောင်ငူ ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အ.ထ.က (နတ်စင်ကုန်း)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်း ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် အထက (နတ်စင်ကုန်း) ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိ ဗိုလ်မှူးနိုင်မျိုးက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။   ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး မယွန်းရွှေရည် (Grade-11) က"လူငယ်နှင့် စာပေ"၊ မသင်းနုစံ(Grade-11) က "လူငယ်နှင့် မူးယစ်ဆေးဝါး"၊ မောင်ဇွဲသူရိန် (Grade -11)က "လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး"၊ မောင်ဘုန်းသန့်ကျော် (Grade-11)က  “လူငယ်နှင့် ကျန်းမာရေး”၊ မောင်အောင်ကောင်းပြည့် (Grade-11)က  “လူငယ်နှင့် ဆိုရှယ်မီဒီယာ” စသည့်ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။

ထို့နောက်   လူငယ်စကားဝိုင်းသို့  တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီးနောက် ဆွေးနွေးပွဲတွင် ဦး‌ဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသားကျောင်းသူ(၅) ဦးအား တာဝန်ရှိသူများမှ  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

အဆိုပါလူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာပေများ၊ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား  ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)