သာယာဝတီမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

သာယာဝတီ ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို သာယာဝတီခရိုင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/ မရှိ၊ ဆီစာအုပ်များကို စနစ်တကျထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ် ရောင်းချမှု ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

သာယာဝတီမြို့နယ်အနေဖြင့် မြို့ပေါ် ၂၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၈ အုပ်စုရှိ အိမ်ထောင်စု တစ်စုလျှင် ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် ၁ ဦး၊ လက်လီအရောင်း ၃၄ ဦးမှ တစ်လလျှင် ဆီပေပါပေါင်း ၅၁၂ ပေ (၅၆၃၂၀) ပိဿာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများနှင့် သာရေးနာရေးဆိုင်ရာ ကိစ္စရပ်များအတွက်ကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)