သာပေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး လုပ်ငန်းများဆောင်ရွက်

သာပေါင်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၂၆-၂၀၂၇)ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာအထက်တန်းကျောင်း ( သာပေါင်း )၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူ့ကျန်းမာ‌ရေးဌာနမှူး၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်း ဆရာမကြီးတို့က အခြေခံပညာအထက်တန်းကျောင်း ( သာပေါင်း )ရှိ ကျောင်းသား၊ကျောင်းသူ (၁၂၂၀)ဦးတို့ကို သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ စနစ်တကျလက်ဆေးခြင်း၊ စနစ်တကျသွားတိုက်ခြင်း၊ မူးယစ် ဆေးဝါးအန္တရာယ်၊ အစာအာဟာရနှင့်ပက်သက်ပြီး အစာအုပ်စု (၃) အုပ်စုအား မျှတစွာ စားသုံးတတ်စေရန်၊ မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ ကျောင်းသားတစ်ဦးချင်းအလိုက် အာဟာရဖွံ့ဖြိုးမှု အခြေအနေများဆန်းစစ်ခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးစစ်ဆေးခြင်း၊ ပိုးလောက်လန်းစစ်ဆေးခြင်း၊ ကျောင်းမုန့် စျေးတန်းများစစ်ဆေးခြင်း၊ ကျောင်းအိမ်သာများစစ်ဆေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

သိန်းမြင့်မျိုးဦး