ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြည် ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် "နယ်လှည့်အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က (လယ်ဘဲ့) ကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က(လယ်ဘဲ့) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် လူငယ်မောင်မယ်များ စာပေအလေ့အထ ရှိစေရေး၊ ဗဟုသုတရှာဖွေတတ်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသူများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ကဏ္ဍစုံလင်စွာဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ စာရေးဆရာမောင်နေခြည်က စာပေဗဟုသုတနှင့်ပက်သက်၍ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသားလူငယ်များ ဗဟုသုတတိုးပွားရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)