မင်းလှ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီအသင်းဥက္ကဋ္ဌတို့က စားအုန်းဆီဖြန့် ဖြူးရောင်းချသည့် ဆိုင်များတွင် ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသော ဆီပိဿာချိန် ခွဲတမ်းများကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်တွယ်မှုမှန်ကန်စေရေး၊ ဆီအရည်အသွေးမှန်ကန်စေရေး၊ တရားမဝင် စားအုန်းဆီများ မရောင်းချနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့သည်။
မင်းလှမြို့နယ်တွင်ပြည်သူများ ဆီဝယ်ယူစားသုံးမူအစဉ်ပြေရေးအတွက် အိမ်ထောင်စု အနည်း/အများအလိုက် အလေးချိန်မှန်ကန်စွာရောင်းချနိုင်ရေးနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပင်စင်စားများကိုလည်း ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆီအသင်းဥက္ကဋ္ဌတို့က စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)