သံတောင်ကြီးဒေသထွက်  တညင်းသီးများလှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းကျဆင်း

သံတောင်ကြီး ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တညင်းသီးစိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီးယခုဇူလိုင်လ၌   တညင်းသီးများလှိုင်လှိုင်ထွက်ရှိချိန်တွင် ဈေးနှုန်းကျဆင်းကြောင်း သိရသည်။

ယခုရက်ပိုင်းတွင်   သံတောင်ကြီးတွင်   မိုးသည်းထန်စွာရွာသွန်းသည့်အတွက် တညင်းသီးများခူးရန် အခက်ခဲရှိခြင်း၊  လုပ်အားခ၊ သယ်ယူပို့ဆောင်ခဈေးမြှင့်ခြင်း၊   တညင်းသီးများပေါ်စတွင်   တစ်ပိဿာကျပ် (၉၀၀၀)ထိရရှိသော်လည်း ယခုလှိုင်လှိုင်ထွက်ရှိချိန်တွင် တစ်ပိဿာကျပ် (၅၅၀၀)  သာရရှိသည့်အတွက် တညင်းသီးခြံပိုင်ရှင်များက  ဈေးကောင်းပြန်လည်ရရှိရန်  မျှော်လင့်လျက်ရှိကြောင်း သိရသည်။

တညင်းပင်များမှာ နှစ်ရှည်ပင်ဖြစ်ပြီး စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင် အသီးများစတင်ခူးဆွတ် နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ (၄၀)ခန့် ပင်စည်လုံးပတ် (၅)ပေခန့်အထိ ရှိသည်။ တညင်းပင်များမှာ ဥယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိကြောင်း သိရသည်။

နော်နော်မူ