မြင်းမူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ငှက်ပျောစိုက်ပျိုးနိုင်ရေးအတွက် အသိပညာ ပေးခြင်းနှင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

မြင်းမူ ဇူလိုင် ၁၀

အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရေး၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် နေ့စဉ်ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများရှိ မြေလွတ်၊ မြေလပ်များတွင် သီးမွှေး၊ ဖီးကြမ်း ငှက်ပျောပင်များစိုက်ပျိုးပွဲကို မြင်းမူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီး ကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းက မြင်းမူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်က ငှက်ပျောစိုက်ပျိုးနည်းစနစ်များ၊ ရှင်သန်ကြီးထွားရန်အတွက် ပြုစုပျိုးထောင်ရမည့်နည်းလမ်းများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့မိမြို့ဖ များ၊ ရပ်ကွက်နေပြည်သူများမှ ငှက်ပျောပင်(၃၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။         

နေလင်းအောင်(ပြန်/ဆက်)