ကြို့ပင်ကောက် ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးထက်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲများကို ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်ကျေးရွာအုပ်စု အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ဗိုလ်လုပွဲအား ရွာမမြောက်ရပ်ကွက်အသင်းနှင့် သဲကုန်းရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သဲကုန်းရပ်ကွက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး တတိယဆုအား ကျောက်ဝကျေးရွာအုပ်စုအသင်းက ရရှိခဲ့သည်။
ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ဘောလုံးအသင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးထက်နှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ဆုငွေများ၊ ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)