မင်းလှမြို့၌ လူမှောင်ခို၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းလှ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား လူမှောင်ခို၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က မင်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မင်းလက်ဝါးခန်းခ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က လူမှောင်ခို၊ လူကုန်ကူးမှု၏ အဓိပ္ပာယ်များ၊ ပြစ်မှုဆိုင်ရာဥပဒေများစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရမှုများ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အကြမ်းဖက်မှုဖြစ်စဉ်များ၊ ကလေးသူငယ်များအတွက် ဥပဒေပြဋ္ဌာန်းချက်များ စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၃၄ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။         

ဝင်းမြတ်(အထက်မင်းလှ)